Thursday, July 24, 2008

ထူးခြားသော နှီးဘုရားအကြောင်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့၊ မိုင်းနုန်းကျေးရွာတွင် တည်ထားကိုးကွယ်ပါသည်။ မိုင်းခတ်မြို့နယ်သည် ရှမ်း/အရှေ့၏ (၁၀)မြို့နယ်တွင် တစ်မြို့ အပါအ၀င်ဖြစ်ပါသည်။
မြန်မာသက္ကရာဇ် (၇၀၀)ပြည့်နှစ်အချိန်ကာလ၌ မိုင်းခတ်မြို့နယ်တွင် ကျေးရွာအုပ်စုသည် ရွာကြီး (၄၂)ရွာနှင့် ရွာငယ် (၃)ရွာ စုစုပေါင်း (၄၅)ရွာ ရှိသည့်အတွက် န၀င်းကြေသော ရွာအုပ်စုဟု ခေါ်ဆိုကြပါသည်။
မိုင်းခတ်မြို့ကို မြို့စားကြီးဦးခမ်းရှဲန်မှ အုပ်ချုပ်ပါသည်။ မြို့စားကြီး၏ လက်အောက်မှ အမတ် (၂)ဦး ခန့်ထားပါသည်။ အဆိုပါ ရွာ များအနက် ပါကန်ရွာတွင် မိုင်းနုန်းတစ်နယ်လုံးမှ လေးစားကြည်ညိုရသော ဆရာတော်ကြီး မာထေရ်ဥပါလန် သီတင်းသုံးနေထိုင်တော် မူသည်။ ဆရာတော်ကြီးသည် ဈာန်ရရုံမျှမက သတ္တ၀ါအားလုံး၏ စကားကိုလည်း နားလည်တတ်မြောက်တော်မူသည်။ ဆရာတော်ကြီး၏ သီလ၊ သမာဓိ၊ ပညာ တို့ကြောင့် နတ်၊ သိကြားများပင် လာရောက်ဖူးမျှော်ကြည်ညိုကြသည်။ ဆရာတော်ကြီးသည် သက်တော် (၁၅၂)၊ ၀ါတော် (၁၀၅)၀ါ၌ ပျံလွန်တော်မူခဲ့လေသည်။
ဆရာတော်ကြီး သက်တော် (၅၈)နှစ်တွင် တစ်ညသောအခါ၌ အိပ်မက်တစ်ခု မြင်မက်လေသည်။ အပ်မက်ထဲတွင် မြန်မာနိုင်ငံ၌ ရျွှေ၊ ငွေ၊ ကြေး စသော သတ္တုများ သစ်သားများဖြင့် ရက်လုပ်ထားသော ရုပ်ပွားတော်များရှိသောလည်း ၀ါးနှီးဖြင့် ရက်လုပ်ထားသော ရုပ်ပွား တော် မရှိသေးကြောင်း၊ နှီးဖြင့် ရက်လုပ်သော ရုပ်ပွားတော် တဆူ ပြုလုပ်ကိုးကွယ်ပေးရန် သိကြားမင်းက ဆရာတော်ဘုရားကြီးအား လာရောက် လျှောက်ထားတောင်းပန်ကြောင်း အပ်မက်မြင်မက်လေသည်။
နောက်တစ်နေ့ နံနက်၌ ဆရာတော်ဘုရားကြီးသည် မြို့စားကြီးနှင့် အမတ်နှစ်ဦးအား ခေါ်ယူပြီး ညက အပ်မက်အကြောင်းကို ပြောပြ၍ နှီးဖြင့် ပြုလုပ်သောရုပ်ပွားတော် တစ်ဆူပြုလုပ်လိုကြောင်း တိုင်ပင်လေသည်။ မြို့စားမင်းလည်း သဘောတူလေသည်။ ဆရာတော်ကြီးက ဆက်လက်မိန့်သည်မှာ ၀ါးခုတ်ရာတွင် လူပျို၊ အပျို စစ်စစ်များ ဖြစ်ရန် လိုကြောင်း အပျိုလူပျို များအနက်မှ ရွှေ(ခမ်း)၊ ငွေ(ငင်း)၊ ကျောက်(ကျောက်မျက်ရတနာ) (ရှဲန်) အမည်ရှိသူများကို ရွေးချယ်ပေးရန်လိုကြောင်း အမိန့်ရှိပါသည်။
နတ်တော်လဆန်း (၈)ရက်နေ့တွင် စတင် ၀ါးခုတ်လေသည်။ နတ်တော်လပြည့်ကျော် (၈)ရက်နေ့တွင် နှီးဖြာမည့်သူအားလုံး ဆရာတော်ကြီးထံ ငါးပါးသီလ ခံယူပြီးမှ နှီးများ စတင်ဖြာလေသည်။ နှီးဖြာ၍ ရုပ်ပွားတော် မရက်လုပ်မီ နှီးများ မခြောက်သွေ့စေရန်နှင့် နှီးများကြာရှည်ခံရန်၊ ပိုးမထိုးရန်အတွက် ရေစိမ်ကြလေသည်။ ရေကန်တူးပြီး ရေစိမ်ရန် သဘောတူကြလေသည်။ ရေကန်ထဲသို့ နမ့်နုံးချောင်းမှ ရေခပ်ထည့်မည်ဖြစ်သဖြင့် သန့်ရှင်းစင်ကြယ်သော ရေရရှိရန် မြို့စားကြီးက မည်သူတစ်ယောက်မျှ ချောင်း၌ ရေမချိုး၊ အ၀တ်မလျှော် ရဟု အမိန့်ထုတ်ထားလေသည်။ နတ်တော်လကွယ်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နှီးစိမ်သော ကန်မှာ နမ့်နှံးချောင်းရေများဖြင့် လျှံတက်ဖုံးလွမ်းနေပါသည်။ ရွာသားများက နှီးများ ရေချောင်းထဲသို့ မျှောပါသွားပြီဟု ထင်မှတ်ကြလေသည်။ နှီးများထည့်ထားသော နှီးများ မျောမသွားဘဲ၌ ငါး၊ လိပ်၊ ပုဖွန် များစသော ရေသတ္တ၀ါများ မြူးတူးပျော်ပါးနေသည်ကို တွေ့ရပါသည်။
ပြာသိုလဆန်း (၈)ရက်နေ့မှစတင်၍ နှီးဘုရားကိုယ်တော်မြတ်ကြီးကို စတင်ရက်လုပ်ကြပါသည်။ နှီးများ ဆည်ယူကြသောအခါ၊ ရေသတ္တ၀ါများ မရှိကြတော့ပါ။ ရွာသားများက ဆရာတော်ကြီးအား လျှောက်တင်ရာတွင် ဆရာတော်မှ နတ်၊ သိကြားများ လာရောက် ပူဇော်ကြခြင်းဖြစ်သည်ဟု မိန့်လေသည်။
ပြာသိုလဆန်း (၁၁)ရက်နေ့တွင် နှီးဘုရားရက်လုပ်နေသည့် နေရာသို့ ၀တ်ဖြူစင်ကြယ်ဝတ်ပြီး တောင်ဝှေး၊ ပုခုံးပေါ်တွင် တောင်း (၂)လုံးကို ထမ်းလာသော အဘိုအိုတစ်ယောက် ရောက်ရှိလာသည်။ ထိုအဘိုးအို ဘယ်အရပ်မှ လာရောက်သည်ကို မသိကြပါ။ ရွာသားများက အဘိုအို နှီးရက်လုပ်သည်ကို တတ်ကျွမ်းပါသလား၊ ကူညီရက်လုပ်ပေးနိုင်မလားဟု မေးမြန်းလေသည်။ အဘိုအိုလည်း ကူညီရက်လုပ်ပေးခဲ့သည်။ အဘိုးအို၏ ထူးခြားချက်မှာ ရွာသားများ၊ နှီးဘုရားရက်လုပ်၍ ထမင်းစားချိန်တွင် တစ်နေရာသို့ ထွက်ခွာသွား ပြီး လုပ်ငန်းပြီးဆုံးချိန်တွင်လည်း ပျောက်ဆုံးနေလေသည်။ ဤသို့ဖြင့် နှီးဘုရားကိုယ်တော်မြတ်ကြီး၏ မျက်နှာတော်ကို ရက်လုပ်ခဲ့ ကြသည်။
မနက်မိုးသောက်သောအခါ မြို့စားကြီးနှင့် အမတ်တို့ ရောက်ရှိလာပြီး....ဘုရားကြီးမှာ ကြည်ညိုဘွယ်ရာ အချိုးအဆစ်ပြေပြစ်တင့် တယ်လှသဖြင့် မြို့စားကြီးက အတိုင်းမသိ ကြည်နူးဝမ်းမြောက်ပီတိဖြစ်၍ အဘိုအိုကြီးအား ထိုက်ထိုက်တန်တန် ကန်တော့ရန် ရှာဖွေ ခိုင်းလေသည်။ ရွာပေါင်းအားလုံးနီးပါး ရှာသော်လည်း မတွေ့ရတော့ပေ။
ဆရာတော်ကြီးက နှီးဘုရားရက်လုပ်ခြင်းကို နတ်၊ သိကြားများက အဘိုးအိုယောင်ဆောင်၍ လာရောက်ကူညီရက်လုပ်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ တစ်နယ်လုံး အံ့သြခြင်း၊ ၀မ်းမြောက်ခြင်းဖြင့် သာဓုအနုမောဒနာပြုကြပေသည်။
နှီးဘုရားကိုယ်တော်မြတ်ကြီးကို ရှမ်းလို (ဖကျောက်အင်းဆန်) ဟု အဓိပါယ်ရပါသည်။ ဖကျောက်ဆိုတာ (ဘုရား)၊ အင်း ဆိုတာ (သိကြားမင်း) ဆန်ဆိုတာ (ရက်လုပ်တာ)၊ ဒါကြောင့် မြန်မာလို သိကြားမင်းရက်လုပ်သောဘုရားဟု ခေါ်ကြပါသည်။
နှီးဘုရားရုပ်ပွားတော် သီတင်းသုံးရာဌာန
ရှမ်း/အရှေ့၊ ကျိုင်းတုံမြို့နယ်၏ မြောက်ဘက် (၅၁)မိုင်အကွာတွင် တည်ရှိပြီး မိုင်းခတ်မြို့နယ်၏ အနောက်မြောက်ဘက် (၇)မိုင် အကွာ၊ မိုင်းနုန်းကျေးရွာတွင် တည်ရှိသီတင်းသုံးတော်မူသည်။
ပုံတော်အနေအထား
နှီးဘုရား၏ ညဏ်တော်အမြင့်မှာ (၉)တောင်၊ တင်ပြင်ခွေနှစ်ဖက် အကွာအဝေးမှာ (၆)တောင်ရှိပြီး၊ မျက်လွှာတော်ချထားသောပုံ ဖြစ်သည်။
ကိုယ်တော်ဘုရား၏ ထူးခြားချက်မှာ
(၁) ဂျပန်ခေတ် ကျိုင်းတုံစော်ဘွား၏ ပုလိပ်အမှုထမ်းတစ်ဦးသည် ဘုရားဝတ်တက်ပြီး ဆီမီးပူဇော်စဉ် မီးလောင်နေရာ မည်သူမှ မသိကြဘဲ မိုးချိန်းသံ၊ မိုးကြိုးပစ်သံကြားမှ ရွာသားမှာထွက်၍ ကြည့်ရာ ဘုရားကြီးအနီးတစ်ဝိုက်၌ မိုးသည်းသန်စွာ ရွာနေသည်ကို ထူးခြားစွာ တွေ့မြင်နေရသည်။
(၂) ကာကွယ်ရေးရှမ်းခေါင်းဆောင်အဖွဲ့မှ ကင်မရာ (၅)လုံး (၆)လုံးဖြင့် ဘုးရားကြီးအား ဓါတ်ပုံရိုက်ကြရာ တစ်ပုံမှ မထင်ဘဲဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ဆရာတော်မှ အလှူငွေရှာရန်အတွက် ခွင့်တောင်းမှ ပုံတော် မြင်ခဲ့ရသည်။
(၃) မိသားစုတစ်စုသည် အလှူဖွယ်အစုစုတို့ကို ဘုရားကြီးအားလှူဒါန်းပြီး ဘုရားကြီး၌ ရှိသော ရေခွက်ဖြင့် ရေစက်ချရာ ရေများ အောက်သို့ မကျဘဲ အံ့သြစွာ တွေ့ရပေသည်။ လှူဒါန်းသော အရာများ မစင်ကြယ်သဖြင့် ဤသို့ဖြစ်သည်ဟု ဆိုကြသည်။
(၄) မိုင်းခတ်မြို့နယ်မှ ၀န်ထမ်းတစ်ဦး၏ ဇနီးသည် ဘုရားကြီးအား လာရောက်ဖူးရာ မည့်သည့်အကြောင်းများကြောင့်မသိ ပုံတော်ကို မမြင်ရဘဲ ရှိနေသည်ဟု ဆိုသည်။
(၅) ဘုရားကြီး၏ ပလင်တော်အား ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြသော်လည်း မူလစတင် တည်ဆောက်စဉ်က ပုံထက် ပိုမိုပြုပြင်၍ မရသည်မှာ ထူးခြားအံဖွယ်အဖြစ် ထင်ရှားသော သာဓကတစ်ရပ်ပင်ဖြစ်ပါသည်။